အင်းစိန် စက်တင်ဘာ ၂၀
Big Dutchman Myanmar ကုမ္ပဏီသည် ၄င်း၏ထုတ်ကုန်များ ၀ယ်ယူအားပေးသည့် Crystal Diamond Livestock ကုမ္ပဏီအတွက် ခြံစီမံခန့်ခွဲရေး၊ ခြံသုံးပစ္စည်းအလုပ်လုပ်ပုံနှင့် ထိန်းသိမ်းမှုဆိုင်ရာ အသိပညာပေးသင်တန်းကို ယနေ့တွင် အင်းစိန်မြို့နယ်ရှိ CITY GOLF RESORT HOTEL ၌ ကျင်းပပြုလုပ်ခဲ့သည်။ Big Dutchman ကုမ္ပဏီမှာ ခေတ်မီကြက်၊ ၀က်မွေးမြူရေးဆိုင်ရာ အစာကျွေးစနစ်၊ ခြံသုံးပစ္စည်း၊ ခြံတည်ဆောက်ရေးစနစ်နှင့် အင်တာနက်ကွန်ပျူတာနည်းပညာဖြင့် စောင့်ကြည့်ထိန်းချုပ်နိုင်သည့် database စနစ်များ ထုတ်လုပ်သည့် ဂျာမနီအခြေစိုက်ကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။
သင်တန်းကို နံနက် ၉နာရီခွဲတွင် Big Dutchman Myanmar ကုမ္ပဏီ၏ မန်းနေးဂျင်းဒါရိုက်တာ Mr. Surachai Chaicompa ၏ နှုတ်ခွန်းဆက်စကားဖြင့် ဖွင့်လှစ်ခဲ့ပြီး ၄င်းက မွေးမြူရေးခြံများတွင် အင်တာနက်၊ ကွန်ပျူတာနည်းပညာ၊ cloud နည်းပညာဖြင့် စောင့်ကြည့်ထိန်းချုပ်သည့် database စနစ်ဆိုင်ရာ သိကောင်းစရာများအား ရှင်းလင်းပြောကြားသည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးတွင် database စနစ်ကို အသုံးပြုနိုင်ကြောင်း၊ ဥပမာ မွေးမြူရေးတွင် အစာကျွေးစနစ်အား ၄င်း database စနစ်ဖြင့် တစ်နေရာမှနေ၍ ထိန်းချုပ်နိုင်ကြောင်း၊ တစ်ကမ္ဘာလုံးတွင် ဤစနစ်အား အသုံးပြုနေပြီး မြန်မာတွင် လည်း အနာဂတ်အလားအလာကောင်းကြောင်း၊ ရေလိုင်း၊ အစာလိုင်း၊ အပူချိန်စသည်တို့ကို ၄င်းဖြင့် ၂၄နာရီ စောင့်ကြည့်နိုင်ပြီး ခြံအထွက်ကျလာပါကလည်း အကြောင်းအရင်းအား စိစစ်ရှာဖွေကာ အဖြေထုတ်နိုင်ကြောင်း၊ ခြံစီမံခန့်ခွဲမှုအား အသေးစိတ်လုပ်ဆောင်နိုင်၍ ထုတ်လုပ်မှုစရိတ်သက်သာစေကြောင်း စသဖြင့် မန်းနင်းဂျင်းဒါရိုက်တာက ရှင်းလင်းပြောဆို သည်။
ထို့နောက် ကိုဇော်မင်းဦးက ကြက်ခြံလေ၀င်လေထွက်စနစ်ဆိုင်ရာ ချိန်ညှိခြင်း၊ အလုပ်လုပ်ပုံနှင့် သတိပြုစရာအချက်များအား ရှင်းလင်းပြောကြားသည်။
ကိုထွန်းလင်းဇော်ကလည်း ကြက်ခြံသုံးစက်ပစ္စည်းများ တပ်ဆင်ခြင်း၊ အလုပ်လုပ်ပုံ၊ အသုံးပြုခြင်း၊ ထိန်းသိမ်းမှုနှင့် သတိပြုစရာအချက်များအား ရှင်းလင်းသည်။ Big Dutchman အနေဖြင့် ကြက်ခြံအစာကျွေးစနစ်အတွက် Chain များကို ထုတ်လုပ်နေပြီး ပမာဏအား နှိုင်းရမည်ဆိုလျှင် ကမ္ဘာကို အီကွေတာမျဉ်းမှ သုံးပတ်ပတ်ထားသည့် အရှည်အထိ ရောင်းချပြီးဖြစ်ကြောင်း ၄င်းကထည့်သွင်းပြောကြားခဲ့သည်။
အသားစားကြက်နှင့် အသားစားမျိုးကြက်ခြံ စီမံခန့်ခွဲမှု၊ လည်ပတ်ရေးနှင့် ထိန်းသိမ်းမှု၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် မြေသြဇာအဖြစ်သုံးသော တိရစ္ဆာန်မစင်စီမံရေးစနစ်၊ အသားစားကြက်အစာကျွေးစနစ်နှင့် Big Dutchman အသားစားကြက်ထွက်ကုန်များ၊ BD ဥစားကြက်ထုတ်ကုန်၊ BD ၀က်ထွက်ပစ္စည်း ခေါင်းစဉ်များဖြင့် Big Dutchman မှ ပညာရှင်များက ဟောပြောခဲ့ကြသည်။ သင်တန်းသားများကလည်း မိမိတို့သိလိုသည်များကို မေးမြန်းကြသည်။
Big Dutchman ကုမ္ပဏီအား ၁၉၃၈ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး ၂၀၁၅ခုနှစ်တွင် မြန်မာဈေးကွက်သို့ ၀င်ရောက်ခဲ့သည်။ ကုမ္ပဏီ၏ထုတ်ကုန်များအတွက် အာမခံတစ်နှစ်ပေးပြီး after-sales service များအားလည်း အွန်လိုင်းမှတဆင့်သော်လည်းကောင်း၊ ကိုယ်တိုင်လာရောက်၍သော်လည်းကောင်း ၀န်ဆောင်မှုပေးကြောင်း သိရသည်။
KZT